ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ မနေ့ နိုဝင်ဘာ ၁၂ မနက်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ အထိ ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ပွဲ ၂ ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ပရဟိတ အသင်း၀င် တစ်ဦး အပါအ၀င် အရပ်သား ၅ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲကတော့ နေရာတိုင်းလိုလိုပဲ။ ဒုန်းဒူထန်၊ စည်ကား တို့ဘက်က ပိုဆိုးတယ်။ လက်နက်ကြီးလည်း ကျတယ်။ စစ်ရှောင်တာတော့ မရှိသေးဘူး” လို့ မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ တမိုးတမြေ ပရဟိတအသင်းသား တစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူကို ကယ်ဆယ်နေစဥ် လက်နက်ကြီး ထိမှန် သေဆုံးတာလို့ သိရပါတယ်။
“လက်နက်ကြီး ပစ်တာက မိုးဗြဲ ရေကာတာ ဘက်က ပစ်နေတာ။ ဒီးမော့ဆို ဘက်ကလည်း ပစ်တယ်။ ဖယ်ခုံ ဘက်ကလည်း ပစ်နေတယ်။ လေယာဉ်က မနေ့ည တစ်ခေါက်ဝဲတယ်” လို့ မြို့ခံ အမျိုးသမီး တစ်ဦးက ဒီကနေ့ ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်း ကတည်းက မိုးဗြဲမြို့ စက်တော်ရာ တောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်က ဗျူဟာကုန်းအဖြစ် တပ်စွဲထားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ခံတွေဟာ အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ရတာကြောင့် လက်ရှိ မြို့ခံ အများစု ငွေကြေး ကျပ်တည်းပြီး စစ်ဘေးရှောင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
KNDF ဥက္ကဌ ခွန်ဘီထူး ကတော့ မြို့သိမ်း တိုက်ပွဲတွေဟာ ပျက်စီးဆုံးရှုံးမှု များနိုင်ပေမယ့် အာဏာရှင်ကို အမြစ်ပြတ် တိုက်ထုတ်ရမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာ ယာယီ ပြောင်းရွှေ့နေကြဖို့ တိုက်တွန်း ထားပါတယ်။