ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် စစ်ကောင်စီ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ ကွပ်ကဲရေးမှူးကို ဖမ်းဆီး သဆ်ဖြတ်နိုင်ပါက အနည်းဆုံး ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ပေးမယ်လို့ CDM ဆရာ၀န် ကိုထူးအောင်လင်း က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာ လိုက်ပါတယ်။
ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ လွိုင်ကော် ဒကစ ကွပ်ကဲရေးမှူးကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ ဖမ်းဆီးနိုင်တဲ့ မည်သူကိုမဆို CDM ဆရာဝန်တွေဖြစ်တဲ့ ကိုထူးအောင်လင်းနဲ့ ကိုရဲဇော်တို့က အနည်းဆုံး ငွေကျပ်သိန်း ၃၀၀ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
လွိုင်ကော် ဒကစမှူးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သာမက စစ်ကောင်စီ တပ်သားတွေလည်း တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ဖမ်းဆီး ရှင်းလင်းနိုင်ပြီး စစ်သားတွေ အနေနဲ့ တာဝန်ယူဖမ်းဆီး ရှင်းလင်းနိုင်ပါက မိသားစု လုံခြုံရေးနဲ့ အနာဂတ်ဘဝ အာမခံချက်ပါ ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီး ဒါမှမဟုတ် ရှင်းလင်းပြီးကြောင်း စစ်ဆေးပြီးတာနဲ့ တစ်ပြိုင်နက် ဆုကြေးငွေ ကျပ်သိန်း ၃၀၀ အပြင် ပြည်သူတွေ ထပ်မံပါဝင်လာပါက ဒီထက်ပိုများပြားတဲ့ ငွေပေးအပ်သွားနိုင်တယ်လို့ အသိပေးထားပါတယ်။
လွိုင်ကော်မြို့အနီးက စစ်တပ်စခန်း ၇ ခုကို တော်လှန်ရေး အင်အားစုတွေ နိုဝင်ဘာလ ၁၁ ရက်မှာ သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။