ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေ အတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ညီနောင် မဟာမိတ်တပ်ဖွဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ပြည်သူကို သတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ -MNDAA က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ အသိပေး ပြောဆိုလိုက်ပါတယ်။
လားရှိုးမြို့ထဲက အရပ်သား စက်ချုပ်သမားတွေကို စစ်ကောင်စီက MNDAA ၊ TNLA နဲ့ SSPP/SSA စစ်ဝတ်စုံတွေ ချုပ်ခိုင်းနေတယ်လို့ သိရပြီး ဒီလုပ်ရပ်ဟာ စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကာ ညီနောင်တပ်တွေ အပေါ် စွပ်စွဲဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်းက အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေ၊ လူသားဒိုင်း ပြုလုပ်မှုတွေ စတဲ့ စစ်ရာဇဝတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တာကြောင့် လက်ရှိ ရှမ်းမြောက်ဒေသမှာ စစ်ရေး ရှုံးနိမ့်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ ပုံစံတူ လုပ်ရပ်တွေကို လုပ်လာနိုင်တယ်လို့ MNDAA က သတိပေး ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်စွဲတဲ့ နေရာ၊ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေကို လုံးဝ မသွားလာကြဖို့နဲ့ အထူးဂရုပြု သွားလာကြဖို့ကို ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။