ဖယ်ခုံမြို့နယ်၊ မိုးဗြဲ နှင့် လွိုင်ကော်မြို့ရပ်ကွက်များအတွင်းစစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ သေဆုံးသူ (၂၀)ဦးအထိရှိလာကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ ထုတ်ပြန်သည်။
ကရင်နီပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ၌ နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ထိခိုက်သေဆုံးမှု စာရင်းအရ အမျိုးသမီး (၄) ဦး ၊ အမျိုးသား (၁၃)ဦး ပါဝင်ပြီး ကျန် (၃)ဦး၏ အခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲဟု သိရသည်။
လက်နက်ကြီးကြောင့် ထိခိုက်ဒါဏ်ရာ ရရှိမှု (၁၅)ဦး ရှိပြီး၊ အမျိုးသမီး လေးဦး၊အမျိုးသား နှစ်ဦး၊ ကလေး တစ်ဦး၏ စာရင်းအချက်များ KnHRG ကရရှိထားသည်ဟုဖော်ပြထားသည်။
လေယာဥ် ဗုံးကျဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီ မှ ပစ်သတ်ခံရသော ပြည်သူ (၃)ဦးရှိပြီး အလောင်းပြန်ကောက်၍ မရရှိသေးဟုသိရသည်။
“မနေ့(နိုဝင်ဘာ ၁၃ ရက်)ညပိုင်းကလည်း မင်းစုရပ်ကွက်မှာ ပြည်သူလင်မယား (၂)ဦး ထိမှန်သေဆုံးသွားပါတယ်။ထိမှန်သေဆုံးခဲ့ရတဲ့ ပြည်သူ(၂)ဦးက ဖရူဆိုကနေ နာနတ်တောရပ်ကွက်ကို စစ်ရှောင်လာပြီး ၊နာနတ်တောကနေတဆင့် မင်းစုကို စစ်ရှောင်လာတဲ့ ပြည်သူများဖြစ်ပါတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးကလည်း ပြောသည်။
ထို့အတူ ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ကောင်စီက လေကြောင်းဖြင့် လွိုင်ကော်မြို့ပတ်ပတ်လည်ကို ဗုံး ကြဲနေသည်ဟုလည်း ၎င်းကဆက်ပြောသည်။
ထို့အပြင် လက်ရှိ လွိုင်ကော်မြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီကဖမ်းဆီးထားသည့် ဘုန်းတော်ကြီး တစ်ပါး အပါအဝင် အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၄)ဦးခန့်လည်း ရှိနေသည်ဟု ဖော်ပြသည်။