ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။
TNLAနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်မှ ယနေ့(နိုဝင်ဘာ ၁၄ရက်) နံနက် ၁၁နာရီခန့်တွင် ဂုတ်ထိပ်အနီးသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်တိုက်ခိုက်နေကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ TNLAက ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၃ရက် ညနေပိုင်းကလည်း နောင်ချို မြို့နယ် ဂုတ်တွင်းအနီးတဝိုက်တွင် TNLA/MDY PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီကလည်း တိုက်လေယာဉ်ဖြင့် လေကြောင်း ပစ်ကူနှစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ရှမ်းမြောက်သို့ စစ်ကူပို့ဆောင်ရန်ကြိုးစားလျက်ရှိရာ နောင်ချိုတွင် TNLAနှင့် PDFက ကြားဖြတ်တိုက်ခိုက်နေပြီးတိုက်ပွဲ ပြင်းထန်လျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရှမ်းမြောက်သို့ ဦးတည်သည့် စစ်ကောင်စီစစ်ကူတပ်ကို TNLAနှင့် မန္တလေးPDFက တိုက်ခိုက်ရာ သံချပ်ကာယာဉ် တစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု အသိပေးထားသည်။