ရှမ်းမြောက် ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီ စခန်း ၃ ခုကို သိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး ပြည်သူ့စစ်က သေနတ် ၁၀ လက် လာရောက် အပ်နှံခဲ့တယ်လို့ TNLA က ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့က ရှော်ဟော် ပြည်သူ့စစ် စခန်း၊ နိုဝင်ဘာ ၁၄ ရက်နေ့က လွယ်ကန်ကျေးရွာက စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်း စခန်းနဲ့ တန့်ယန်းမြို့နယ်က ဆိုင်လျံ စစ်တပ် စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စခန်းတွေက စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို နိုဝင်ဘာ ၁၄ ရက်မှာ ကွတ်ခိုင်မြို့နယ် အတွင်းက မုံးဟွမ်၊ မုံးပေါ် ပြည်သူ့စစ်အဖွဲ့က သေနတ် ၁၀ လက် လာရောက် အပ်နှံခဲ့တယ်လို့ TNLA ကပြောပါတယ်။
ဒီကနေ့မှာတော့ ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ညီနောင် မဟာမိတ်တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ပြင်းထန်နေဆဲလို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းမြောက် ဒေသက မြို့ ၅ မြို့ အပါအဝင် စစ်ကောင်စီ၊ ပြည်သူ့စစ် စခန်းပေါင်း ၁၄၀ နီးပါးကို သိမ်းပိုက် ထိန်းချုပ်ထားတယ်လို့ ညီနောင် ၃ ဖွဲ့ ပြန်ကြားရေးက အသိပေးထားပါတယ်။