ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးဆက်တိုက် ကြဲချ နေတာကြောင့် မြို့ခံ ပြည်သူ အများအပြား ထိခိုက် ဒဏ်ရာရနေတယ်လို့ ဒီးမော့ဆို PDF က ကိုခွန်းဖရန့်စစ် က ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ကစပြီး လွိုင်ကော်မြို့အနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲတွေ စတင် ပြင်းထန်နေတာဖြစ်ပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲ နေရာသာမက မြို့ပေါ်ကိုပါ လေကြောင်း အသုံးပြု ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“မြို့ပေါ်မှာ ပြည်သူရှိမှန်း သိသိနဲ့ကို ကြဲတာ။ ထိတာ ပြည်သူတွေ များတယ်။ အခုထိထားတာ ပြည်သူတွေပဲ” လို့ ကိုခွန်းဖရန့်စစ် ကရှင်းပြပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဗုံးစ ထိမှန် ဒဏ်ရာရတဲ့ ပြည်သူတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကူညီ ကုသပေးနေပြီး မြို့တွင်း တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ပြည်သူတွေကို ဒီးမော့ဆို PDF က ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဒီကနေ့မှာတော့ လွိုင်ကော်မြို့ခံတွေဟာ စစ်ဘေးလွတ်ရာကို ကား၊ ဆိုင်ကယ် တွေနဲ့ အလုံးအရင်း ရွှေ့ပြောင်းနေကြတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ ပြည်သူ အများစု ကျန်ရှိနေပေမဲ့ စစ်ရေး အခြေအနေအရ မြို့တွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။