ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့နယ် ၊နောင်ပိန်ကျေးရွာ အုပ်စုက ခေါက်ခက်ရွာကို စစ်ကောင်စီလေတပ်က ဒီနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေအရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
မနက် ၁၁ နာရီဝန်းကျင်မှာ ခေါက်ခက်ရွာ ဗုံးကြဲခံရတာဖြစ်ပြီး လူနေအိမ်ခြေတွေ ၊ စားသောက်ဆိုင်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ထံကသိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားဒေသခံတွေ ထိခိုက်သေကြေမှု အသေးစိတ်မသိရသေးပါဘူး။
People’s Spring သတင်းဌာနက ကြည့်ရှုရတဲ့ ဓာတ်ပုံတွေအရ အဆောက်အဦးတွေ ရစရာမရှိအောင် ပျက်စီးသွားတာတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွာထဲမှာ ကျန်ရှိနေသူတွေကို စစ်ရှောင်စခန်းတွေဆီ အရေးပေါ် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲ ကြား ဂုတ်ထိပ်လမ်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ တအောင်းတပ် (TNLA) ၊ PDF တပ်တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။
အဲဒီတိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ အဓိကထားတိုက်ခိုက်နေတယ်လို့သိရပါတယ်။