မြိတ်မြို့နယ်၊ မွေ့ရှောင်ကျေးရွာအနီး အင်အား၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းကို ယနေ့(နိုဝင်ဘာ ၁၅ရက်) နံနက် ၈နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် စစ်ကြောင်း(၂)နှင့် တိုင်း(ပကဖ) လုံခြုံရေးတပ်ဖွဲ့၊တိုင်းစစ်ဌာန ဒရုန်းလက်ရုံးတပ်ဖွဲ့(Dragon Squad)တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ခြေလျင်စစ်ကြောင်းဝင်လာတာ။ မိုင်းဆွဲတာ။ ထိချက်ကောင်းပြီး သူတို့ အလောင်းတွေ၊ ဒဏ်ရာရသူတွေကို ဆွဲသွားတယ်”ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် နိုဝင်ဘာ ၁၂ရက် နေ့လယ်ကလည်း ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
“ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းနေပြီး အဖက်ဖက်မှ အင်အားလျှော့နည်းလာသည့်အတွက် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား မဲစနစ်ဖြင့် လက်နက်မကိုင်မနေရ အင်အားစုဆောင်းနေသည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“ပျူစောထီးတွေ အကုန်စိတ်ပျက်နေကြပြီ။ အရင်ကတော့ သူတို့ရပ်တည်လို့ရတယ်။ အခုကတော့ ထွက်ပြေးချင်နေကြပြီ”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စများတွင် ပါဝင်ခြင်းမပြုကြရန် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။ ပူးပေါင်းဆောင်ရွက်နေကြသည့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကို ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။