ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ဆီစက်ကုန်း အနီးမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် တပ်သားတွေက ကားတွေကို ဖမ်းဆီးပြီး မူးယစ်ဆေးဖိုး ငွေတောင်းခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
လိုင်စင်မဲ့ Surf 4 wheel ရွှေရောင်ကား အသုံးပြုကာ လက်နက် အပြည့်အစုံနဲ့ PNO စစ်သား ၇ ဦးဟာ မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့၊ ည ၉ နာရီခန့်မှာ သွားလာနေတဲ့ ကားတိုင်းကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက် ငွေတောင်း ခဲ့တယ်လို့ ဆိုပါတယ်။
“မှောင်တဲ့ နေရာမှာ ရပ်ခိုင်းတယ်။ မရပ်ရင် ပစ်မယ် ပြောတယ်။ ပအိုဝ်းစကားသံ ဝဲဝဲနဲ့။ ဆေးပြား ချချင်တယ် ရှာပေးလို့ ပြောတယ်။ သေနတ်နဲ့ ၃ ယောက်လုံးက ဝိုင်းချိန်ထားတာ” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ သက်လတ်ပိုင်း အရွယ် တောင်ကြီးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ယင်းနောက် အထက်အမိန့်အရ ဆိုပြီး ဖုန်း ၃ လုံး၊ ကွန်ပြူတာနဲ့ ငွေကျပ် ၅၀,၀၀၀ သေနတ်ထောက် ယူသွားတဲ့ အပြင် အင်္ကျီအိပ်ကပ်ထဲက အကြွေနဲ့ ဆေးလိပ်ပါမကျန် လုယူသွားတယ်လို့ သူကပြောပါတယ်။
“ဖုန်းပြန်တောင်းတော့ မင်းဘာလုပ်ချင်လဲ။ မင်းဘာဖြစ်ချင်လဲ ပစ်ထည့်လိုက်မယ်တဲ့။ အားလုံး သတိထားရအောင် ဝေမျှတာပါ။ ညဘက် မလိုအပ်ဘဲ မထွက်ကြပါနဲ့” လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ တောင်ကြီးမြို့နယ်က တပ်တွေကို ကရင်နီနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အသုံးပြုနေတာကြောင့် စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်း လုံခြုံရေး အတွက် PNO ပြည်သူ့စစ်ကို ယာယီ တာ၀န်ပေးထားတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီလို တာ၀န်ပေး အသုံးပြုနေပေမယ့် စစ်ကောင်စီက လစာ မပေးတာကြောင့် PNO ပြည်သူ့စစ် တပ်သားတွေဟာ စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းမှာ ပြည်သူတွေကို မကြာခဏ ဖမ်းဆီး ငွေညှစ်နေတာလို့ သိရပါတယ်။