မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း) ကို ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်း ကြားသိရလို့ ဆိုပြီး စစ်အုပ်စုက ဒီမနက်ပိုင်း ကျောက်ဝိုင်းထဲ ဝင်ရောက်သူတွေကို ပိတ်ဆို့စစ်ဆေး ငွေညှစ်ရာ မြို့ခံ အများအပြား နောက်လှည့်ပြန်ကုန်ကြလို့ ကျောက်ဝိုင်း ပိတ်လိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ(၁၅)နဲ့ (၁၆)ရက်တွေမှာ မန္တလေး ကျောက်ဝိုင်းအတွင်း ဗုံးဖောက်ခွဲမှု ပြုလုပ်မယ့ဆိုတဲ့ သတင်းတွေ ကြားရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ကျောက်ဝိုင်းဝင်ထဲပြီး အရောင်းအဝယ် လုပ်မယ့်သူတွေကို ဝင်ပေါက်ကနေ ပိတ်ဆို့ကာ စစ်ဆေးငွေညှစ်တာလို့ ဆိုပါတယ်။
စစ်အုပ်စုက ကျောက်ဝိုင်း အဝင်အထွက်တွေမှာ နေရာယူပြီး ကျောက်အရောင်းအဝယ် လုပ်သူတွေရဲ့ အိတ်တွေကိုပါ ဖွင့်ဖောက်စစ်ဆေး ငွေညှစ်တာကြောင့် ကျောက်သမားတွေ အကုန် ပြန်လှည့်သွားကြတာလို့ မြို့ခံတွေက ပြောပါတယ်။
“မနက်က စစ်တပ်က အကုန်ပိတ်စစ်တယ်။ စစ်တပ်က စစ်နေတာ မြင်ကတည်းက တော်တော်များများ ပြန်ကုန်ကြတာ။ ဒီနေ့ နေ့လည်ပိုင်းမှာ (ကျောက်ဝိုင်းထဲ) တစ်ယောက်မှ မရှိတော့ဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ကျောက်ဝိုင်းဝင်ပေါက်တွေမှာ ပိတ်ဆို့ စစ်ဆေး ငွေညှစ်သလို ကျောက်ဝိုင်းအနီးဝန်းကျင်မှာလည်း အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ပါ လှည့်လည်နေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
မန္တလေးခရိုင် PDF တပ်ရင်းတပ်ဖွဲ့တွေက မန္တလေးမြို့ကို သိမ်းမယ့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာထားသလို ရှမ်း၊ ရခိုင်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းထဲ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်လာချိန် စစ်အုပ်စုက မန္တလေးမြို့တွင်း နေရာအနှံ့ တပ်စွဲတာ၊ ကင်းလှည့်တာတွေ၊ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။