ထားဝယ်မြို့အဝင်က အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်နဲ့ ဗျောတောဝစစ်ဆေးရေးဂိတ်တွေမှာ ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုတွေ ဒီနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးမှာရှိနေတဲ့ စစ်ကောင်စီ တပ်သား၊ ရဲနဲ့ မော်တော်ပီကယ်တွေကို တော်လှန်ရေးအဖွဲ့တခုက လက်နက်ငယ်တွေနဲ့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
“သေနတ်ပစ်သံတွေ သုံးလေးဆယ်လောက်ဆက်တိုက်ကြားတယ်။ ဒီနားကလူတွေ အကုန်ဝင်ပုန်းနေရတယ်။ မော်တော်ပီကယ် အပါအဝင်တချို့ထိတယ်ဗျ” လို့ ပစ်ခတ်မှု ဖြစ်စဉ် အနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ ထားဝယ်မြို့အဝင် ဗျောတောဝစစ်ဆေးရေးဂိတ်မှာလည်း ပေါက်ကွဲသံတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်သံတွေထွက်ပေါ်နေချိန် အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ကပ်နေတဲ့ ထားဝယ်မြို့ပေါ် ရှိိ ဝဲကျွန်းရပ်ကွက်က အ.ထ.က (၇) အထက်တန်း ကျောင်းရှိ ကျောင်းသားတွေကို မိဘတွေက လာရောက် ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဒီကနေ့ မွန်းတည့်ချိန်လောက်မှာလည်း ထားဝယ်မြို့ပေါ်က အထက်တန်းကျောင်းတွေ ဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂)နဲ့ ဇရစ် စာသင်ကျောင်းအပါအဝင် မြိုပေါ်က ကျောင်းအများစုမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကို မိဘတွေက လာရောက်ခေါ်ယူတာတွေနဲ့ ဆရာမတွေက အိမ်ပြန်လွှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့ခံတွေကပြောပြချက်အရ ပစ်ခတ်သံတွေထွက်ပေါ်ပြီးနောက် ထားဝယ်မြို့ပေါ်မှာ စစ်ကောက်စီတပ်သားတွေက ကင်းလှည့်တာနဲ့ ရဲစခန်းတွေမှာ အဝင်အထွက်ရှုပ်ထွေးနေတယ်လို့လည်း သိရပါတယ်။
ဒီကနေ့မနက်မှာ ပစ်ခတ်ခံရတဲ့ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကိုတော့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ထပ်မံရောက်ရှိလာကာ စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး လယ်ကွင်းထဲမှာရှိနေတဲ့ အရပ်သား လေးဦးခန့်ကိုလည်း စစ်ဆေးဖို့ဆိုကာ ဖမ်းဆီးသွားတယ်လို့ အနီးအနားနေထိုင်သူရဲ့ပြောပြချက်အရသိရပါတယ်။
ထားဝယ်မြို့အဝင်ပေါက်တွေမှာ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်၊ ဗျောတောဝ စစ်ဆေးရေးဂိတ်၊ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွေရှိပြီး စစ်ကောင်စီတပ်ကလည်း အစစ်အဆေးတင်းကြပ်ထားပါတယ်။