နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။
အဆိုပါ အစုရှယ်ယာကို လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့ အထိ ကို အစုရှယ်ယာဝယ်ယူမှု စာရင်းသွင်းကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တို့တွင် ဖြန့်ဝေခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ပြီး ရှယ်ယာဝယ်ယူလိုပါက အကောင့် ဖွင့် ထား သည့် နေရာမှ ဝယ်ယူနိုင်သလို နိုင်ငံပေါင်း ၂၂ နိုင်ငံတွင်ဖြန့်ထားသည့် နွေဦးဘဏ် ဆက်သွယ်မှု များမှ လည်း ရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း သိရသည်။
နွေဦးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းနှင့် ငွေကြေး ၀န်ဆောင်မှု တရား၀င်လိုင်စင်ရရှိထားသည့် ဘဏ်တခုဖြစ်ပြီး နွေဦးဘဏ်ကို NUG ကပိုင်ဆိုင်ပြီး အစိုးရ အနေဖြင့် ရှယ်ယာအားလုံး၏ ၅၁ ရာခိုင်နှုန်းကိုရယူထားမည်ဖြစ်ပြီး ပြည်သူလူထုကို ၄၉ ရာခိုင်နှုန်း အထိ အများဆုံး ထုတ်ရောင်းသွားမည်ဟု ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။
တန်ဖိုးအနေဖြင့် ရှယ်ယာအားလုံးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားပြီး ပြည်သူလူထုကို ၁၀ သန်းရောင်းချသွားမည်ဖြစ်ကာ အစုရှယ်ယာတစ်စုလျှင် ၁၀ ဒေါ်လာကနေစပြီး ဝယ်ယူနိုင်ကြောင့်း ယခုအကြိမ်ရောင်းချခြင်းသည် ပထမအသုတ် ရောင်းချခြင်းဖြစ် ကြောင်း နွေဦးဘဏ်တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရောင်းချ၍ရသည့် ရှယ်ယာများကို တော်လှန်ရေး၏ အရေးကြီးကဏ္ဍများတွင် ထည့်သွင်းအသုံး ပြုသွား မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။