ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော်ဟာ စစ်ကောင်စီက စည်ကားအောင် နည်းပေါင်းစုံနဲ့ လုပ်ထားတဲ့ ပွဲဖြစ်လို့ ပြည်သူတွေ အနေနဲ့ မပါဝင်ကြဖို့ တော်လှန်ရေး လုပ်နေတဲ့ မီးဆရာတွေက တောင်းဆိုလိုက်ပါတယ်။
တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပဖို့ စစ်ကောင်စီက သိန်းတစ်သောင်း မတည်ပြီး ပြည်တွင်းရေး ငြိမ်းချမ်းနေသယောင် ၀ါဒဖြန့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
“တကယ့်ကို လွတ်လပ်ရေး ရသွားသလိုကြီး။ ဝမ်းနည်းတယ်ဗျာ။ ကျွန်တော်တို့ ထင်ခဲ့တာက တန်ဆောင်တိုင်ကို တော်လှန်ရေးပြီးမှ လုပ်မယ်ထင်တာ။ စစ်မှန်တဲ့ပွဲ ဖြစ်စေချင်တာ။ ဒါက အလကားသက်သက် မဟုတ်ဘူးဗျာ။ တောင်ကြီးမြို့နဲ့ တန်ဆောင်တိုင်က ကမ္ဘာကတောင် သိတာဗျာ။ Boycott လုပ်တယ်။ ပြည်သူတွေကိုလည်း မပါဝင်စေချင်ဘူး” လို့ သူက ပြောပါတယ်။
တန်ဆောင်တိုင်ပွဲ စည်ကားဖို့ အတွက် ညမီးကြီး တစ်လုံးကို သိန်း ၁၂၀၊ စိန်နားပန် တစ်လုံးကို သိန်း ၅ဝ နှုန်းနဲ့ စစ်ကောင်စီက ထောက်ပံ့ထားပြီး မီးပုံးပျံ ၆၃ လုံး လွှတ်တင်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တန်ဆောင်တိုင်ကွင်းကို အုတ်တံတိုင်းတွေ ပတ်ပတ်လည် ကာရံထားတာ၊ မိုးမျှော်စင်တွေ အများအပြား ဆောက်လုပ်ထားတာ၊ လုံခြုံရေး ယူထားတာတွေ ရှိနေလို့ လွတ်လပ် ပျော်ရွှင်စရာကောင်းတဲ့ပွဲ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက သုံးသပ်ပါတယ်။
လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေသလို တောင်ပိုင်းက ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နဲ့ ရွာငံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။