တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်တပ်က ရဟတ်ယာဥ် အသုံးပြုပြီး စစ်လက်နက်နဲ့ ရိက္ခာတွေ ချပေးနေတယ်လို့ သိရပါတယ်။
ဒီကနေ့၊ နေ့လယ် ၂ နာရီကျော်ကစပြီး လက်ရှိအချိန်အထိ ရဟတ်ယာဉ်ပေါ်က လက်နက်နဲ့ ရိက္ခာလို့ ယူဆရတဲ့ အမည်းရောင် အထုတ်တွေ လွိုင်ကော် ခလရ (၅၄) တပ်ပေါ် ချပေးနေတာ ၅ ကြိမ်ခန့်ရှိပြီလို့ သိရပါတယ်။
“အမည်းရောင် အထုပ်လေးတွေ တစ်ခုကို လေထီး ၂ ခုနဲ့ တွဲထားတာ။ ဘာတွေမှန်းတော့ မသိဘူး။ အစက ဓာတု လက်နက်တို့ ဆေးတို့ ဖြန်းတယ်ထင်လို့ အိမ်ထဲ ဝင်ပုန်းနေတာ။ ထွက်ကြည့်တော့မှ အထုတ်လေးတွေ ဖြစ်နေတယ်။ တချို့ကလည်း သေတ္တာတွေ မြင်တယ်တဲ့” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ လွိုင်ကော်မြို့တွင်း တိုက်ပွဲ စတင် ကတည်းက စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ပစ်ခတ် ဗုံးကြဲခဲ့ပေမယ့် ဒီနေ့မှာတော့ အထုပ်တွေကိုသာ ဆက်တိုက် လာချနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ ရှမ်းတောင်၊ မိုးဗြဲမြို့ကို တိုက်လေယာဉ် တစ်စီးနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲမြို့အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
“တစ်နေရာထဲကို ၄ ကြိမ်ပစ်တာ မြင်ရတယ်။ ဘာဆိုတာ မသဲကွဲဘူး။ မီးခိုးအတန်းပဲ တွေ့ရတယ်။ ခုပြောနေရင်းလည်း ထပ်ပစ်ပြန်ပြီ” လို့ သူကပြောပါတယ်။
လေကြောင်းရန် သတင်းတွေ ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်မှာတော့ ဒီးမော့ဆိုးဘက် ပျံဝဲနေတာ ART-42 MPA အမျိုးအစား ကင်းထောက် လေယာဉ် ဖြစ်ပြီး လွိုင်ကော်ကို မိုးဗြဲဘက်ကိုတော့ တောင်ငူ လေတပ်က ပျံတက်သွားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။