ကိုးကန့်ခရိုင်၊ ဟုန်ရှင်း (မော်ထိုက်)ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တာလျံတောင်စခန်းကို သိမ်းပိုက် ပြီး ဟုန်အိုင်လွတ်မြောက်ဒေသနဲ့ မော်ထိုက်ဒေသ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက် ပြီလို့ ကိုးကန့်(MNDAA) က ဒီနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ ရက်မှာ ကိုးကန့်ခရိုင်ဟုန်ရှင်း (မော်ထိုက်)ဒေသ ၊ မော်ထိုက်ရွာအနီးက အကြမ်းဖက်စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟုန်အိုင် လွတ်မြောက်ဒေသနဲ့ မော်ထိုက်ဒေသရဲ့ ကြားနေရာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ရှင်းထုတ်ကာ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ကိုးကန့်တုန်းရှမ်းဒေသ လောက်မှုကျူတောင်ကုန်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်(MNDAA) အနေနဲ့ နိုဝင်ဘာ ၁၅ ရက် မနက်မှာ ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ ၊ မော်ထိုက်စိုင်း ကျောက်ရှမ်နဲ့ တလင်ကဲတောင်ကုန်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းနဲ့ ဗျူဟာကုန်းများကို တစ်ခုချင်းစီ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ မွန်းလွဲ ၂ နာရီခန့်မှာလည်း မော်ထိုက်တာလျံတောင်ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာကာ တစ်နာရီအကြာမှာ ယင်းစခန်းကို သိမ်းယူနိုင်ခဲ့တယ်ဆိုတာနဲ့ လက်နက်ခဲယမ်း အချို့လည်းသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မော်ထိုက်ဒေသမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီး ကိုးကန့်ခရိုင်ရဲ့ မြောက်ပိုင်းမြောက်နယ်မြေဧရိယာ ကိုဟုန်ရှင်းဒေသ မော်ထိုက်နဲ့ ချုံကန် အထိ ချဲ့ထွင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ကိုးကန့်တုန်းရှမ်းဒေသကို နိုဝင်ဘာလ ၁၀ ရက် မနက် ၉ နာရီမှာ MNDAA က လောက်မှုကျူတောင်ကုန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ယင်းစခန်းကို ဝန်းရံပိတ်ဆို့ခဲ့ တယ်ဆိုတာနဲ့ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှာလည်း MNDAA က ယင်းစခန်းကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှာ မြေပြင်အင်အားနဲ့ ထပ်မံထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။