အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီး ဆုံးရှုံးသွားတဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင် ပြည်သူတွေအတွက် S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သားတွေနဲ့ အလှူရှင်တွေ ပူး ပေါင်းပြီး နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးမှု ဒီနေ့မှာ အိမ်အလုံး ၁၀၀၀ ပြည့်မြောက်ခဲ့ပါပြီ။
” လွန်ခဲ့တဲ့ ၁ နှစ်လောက်က အညာဒေသ မှာ မီးရှို့ခံရမှု တွေဟာ နေရာအနှံ့အပြားမှာ ဖြစ်ခဲ့ပါတယ်။ မီးဘေးသင့် စစ်ဘေးသင့်ပြည်သူပေါင်းများစွာ ဟာ နေစရာ မရှိစားဖို့မရှိ ကူရာ မဲ့ အနေအထားတွေ ဖြစ်ခဲ့ရတယ်။ အိပ်စရာ ကျောတစ်နေရာ မရှိတဲ့ ပြည်သူတွေဟာ အညာရာသီဥတု တွေနဲ့ ရင်ဆိုင်နေရချိန် S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သားတွေဟာ အထိရောက်ဆုံးကူညီနိုင်ဖို့ အိမ်တွေ စတင်ဆောက်ခဲ့ ကြပါတယ်။ နယ်မြေ အသီးသီး မှ နေစရာ အိမ် လိုအပ်နေသူများ ကို စနစ်တကျ စီစစ်ရွေးချယ်ကာ စရိတ် အသက်သာဆုံးနှင့် ပြည်သူတွေ နေထိုင်ဖို့ အိမ်တွေ ကို မြေပြင် အဖွဲ့သားများကိုယ်တိုင် သစ်ဝါး ထန်းလက်များ ဖြင့် အပင်ပန်းခံ ဆောက်လုပ်ခဲ့ကြပါတယ် ” လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
စတင်ဆောက်လုပ်ချိန်က နိုင်သလောက်ဆောက်ကူ ရမယ်ဆိုပြီး အိမ်ခြေ အလုံး ၁၀၀ target ထားခဲ့ပေမယ့် ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ပူးပေါင်းပါဝင် ကူညီမှုတွေကြောင့် အခုလို အိမ်ပေါင်း အလုံး ၁၀၀၀ ထိ ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။