ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နိုင်တာကြောင့် မြို့ခံ ပြည်သူတွေ အမြန်ဆုံး တိမ်းရှောင်ကြဖို့ KNDF စစ်ရေးချုပ် ခူရ်ရီးဒူက ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ မေတ္တာရပ်ခံ လိုက်ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက်စပြီး စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ပြင်းထန် နေတာဖြစ်ပြီး မြို့တွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာ ဒီကနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားပြီး တရားရုံး မီးလောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
KNDF စစ်ရေးချုပ် ခူရ်ရီးဒူ က “ရှောင်ဖို့ အခြေအနေ၊ အခွင့်ရသေးရင် အမြန်ဆုံး ရှောင်လိုက်ကြပါ။ တသက်သာ ငြိမ်ချမ်းဖို့၊ လွတ်လပ်ဖို့၊ မျှတတဲ့ လူမှု အသိုက်အဝန်းသစ် ဖြစ်လာဖို့ ခေတ္တ စွန့်ခွာလိုက်ပါ။ အရင်းအနှီးကြီးတော့ ကျနော်တို့ ပြန်ရယူရမဲ့ အရာကလည်း တန်းဖိုးဖြတ်နိုင်လိမ့်မည် မဟုတ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပြည်သူတွေ အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့တွင်းမှာ မြို့ခံတွေသာမက ဒီးမော့ဆို၊ ဖရူဆိုဘက်က စစ်ရှောင်တွေ လာရောက် ခိုလှုံနေတာဖြစ်ပြီး လက်ရှိ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မြို့ကိုစွန့်ခွာပြီး စစ်ဘေး ထပ်မံ တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာ လွိုင်ကော်တက္ကသိုလ်ဝန်း အတွင်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ သေဆုံးကာ ၃၂ ဦး လက်နက်ချခဲ့ပါတယ်။
လက်ရှိ တော်လှန်ရေး အင်အားစုတွေဘက်က လွိုင်ကော် တက္ကသိုလ်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။