ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာဘက်တွင် ယမန်နေ့ညနေက လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း သိရသည်။
နန်းမားအခြေစိုက် အမြောက်တပ် အမတ (၃၆၇) မှ မိုးညှင်းနှင့် နန်းမားမြို့အကြားရှိ အင်ကွယ်ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနီးစပ်သူတစ်ဦးက ဆိုသည်။
“ထိတွေ့မှုမဖြစ်ပါဘူး။ အင်ကွယ်ရွာသစ်ထဲကို လက်နက်ကြီး ၃ လုံး ၁၂၀ မမ နဲ့လှမ်းပစ်တာ” လက်နက်ကြီးမှာ လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံတစ်ဦးပိုင်ဆိုင်သည့် နွားတစ်ကောင်သေဆုံးကြောင်း သိရသည်။
PDF များလှုပ်ရှားသည်ဟုဆိုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။
ယမန်နေ့ညနေ ၅ နာရီမှစပြီး လက်နက်ကြီးပစ်ခတ်သံများကို မိုးညှင်းမြို့မှလည်း ကြားနေရကြောင်း မိုးညှင်းဒေသခံတစ်ဦးက ဆိုသည်။
“(လက်နက်ကြီးသံ) ကြားတယ်။ ခြောက်ချက်လောက်၊ ညနေလောက်ကတည်းက” ထီးချိုင့်တွင် တိုက်ပွဲများစတင်ဖြစ်ပွါးပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်။
နိုင်ငံအနှံ့ဖြစ်ပွါးနေသည့် စစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီနယ်မြေခံတပ်ရင်းများတွင် ခံစစ်အတွက် တပ်မိသားစုဝင်များကို ကတုတ်ကျင်းတူးခိုင်းသည့် သတင်းများလည်း ထွက်ပေါ်နေသည်။