စစ်ကောင်စီဘက်မှ ၅၀ခန့်သေဆုံးပြီး လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်း ၂၁ဦးရှိခဲ့သည့် ကောလင်းမြို့သိမ်းတိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ထုတ်ပြန်လိုက်သည်။
PDFများနှင့် ပူးပေါင်းတပ်များ၏ မြို့သိမ်းတိုက်ပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့သော ပထမဆုံး မြို့ဖြစ်သည်။
၄မိနစ်ကျော်ကြာသောရုပ်သံဖိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်မှု ၊စစ်တပ်ထံမှ လက်နက်ခဲယမ်းများသိမ်းပိုင်ရရှိမှု၊ ကျဆုံး PDF ရဲဘော်များကို အလေးပြုနေမှုနှင့် ပြည်သူများကကြိုဆိုနေမှု စသည်တို့ကို ဖော်ပြထားသည်။
ကောလင်းခရိုင် တပ်ရင်း (၁ )ကမှတ်တမ်းတင်ထားသော ရုပ်သံဖိုင်ကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/23537 တွင် ကြည့်ရှု့နိုင်ပါသည်။
စစ်ကိုင်းတိုင်းမှ ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၄နာရီမှစတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၅ရက် ညနေ ၇ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း တိုက်ခိုက်မှုရုပ်သံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း(၁)က ယမန်နေ့ညတွင် ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။
ယနေ့ (နိုဝင်ဘာ ၁၆)သည် ကောလင်းမြို့ကို သိမ်းယူနိုင်ခဲ့သည့် ၁၁ ရက်မြောက်ဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်တည်ဆောက်နေသည်။
နိုဝင်ဘာ ၈ရက်တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ ပြန်လည်နေထိုင်ရေးအတွက် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က စီစဉ်နေသည်ဟု ဆိုသည်။