ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက မတရားဖမ်းဆီးသည့် ဖြစ်စဉ်များရှိသောကြောင့် ပြည်သူများအနေဖြင့် ညနက်သည့် အချိန်အထိသွားလာခြင်းမပြုလုပ်ရန် Townships Information Community (TIC) ရန်ကုန်က သတိပေးထားသည်။
“ညဘက် ဆွဲတာကတော့ ကျွန်တော်တို့ မြို့နယ်မှာ မကြုံရသေးပေမယ့် တချို့မြို့နယ်တွေ ကြုံနေကြတယ်တော့ ကြားမိတယ်ဗျ။အဆွဲခံရတဲ့ သတင်းကြားနေတော့ ပြည်သူတွေ သတိထားလို့ရအောင် တင်ပေးလိုက်တဲ့ သဘောပါပဲ “ဟု ရန်ကုန်တိုင်းအတွင်းနေထိုင်သူများသို့ သတိပေးချက် ထုတ်ပြန်ဖြစ်သည့်အကြောင်းကို ဗိုလ်တထောင် Scout Channel မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း လှိုင်မြို့နယ် ဘူတာရုံလမ်းပတ်ဝန်းကျင်၌ စစ်ကောင်စီက အပြစ်မဲ့ပြည်သူအချို့ကို ဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဟိုရက်က ဗဟိုလမ်းပေါ်မှာထိုင်နေတဲ့ ဆိုက္ကားသမားတွေကိုဖမ်းသွားတယ် ကြားတယ်။ အသက်ကြီးတဲ့လူတစ်ယောက်ပဲ ကျန်ခဲ့တာ။ တခြားသူတွေပါသွားတယ်”ဟု လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ၁၀၂၇ စစ်ဆင်ရေး ၊ ၁၁.၁၁စစ်ဆင်ရေးတို့ကို တိုင်းရင်းသားဒေသများအပါအဝင် နေရာအနှံ့အပြား၌ လုပ်ဆောင်နေသလို မြို့သိမ်းတိုက်ပွဲများလည်း ဆင်နွဲနေသည်။
ထို့ကြောင့် ရန်ကုန်မြို့လည်း မကြာမီကာလအတွင်း ရောက်ရှိလာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ ၊ရုံးများသို့ သွားရောက်ခြင်းမပြုရန် TICက သတိပေးထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် အပျော်ခရီးသွားခြင်း၊ ညည့်နက်သည့် အချိန်အထိ ဆိုင်ထိုင်ခြင်း တို့ကို ရှောင်ရှားရန် တိုက်တွန်းထားသည်။