ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က မပေါက်ကွဲသေးတဲ့ စစ်ကျန် RPG ကျည် ကောက်ယူ ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရပ်ကွက် (၆) က ကလေး ၃ ယောက်။ တစ်အိမ်ထဲက မဟုတ်ဘူး။ သူတို့ လယ်တောထဲ ကျွဲသွားကျောင်းတာ မြေပျော့ထဲက မကွဲသေးတဲ့ RPG ကျည် ကောက်ရ ပြီးတော့ ပစ်ပေါက်ဆော့တာမှာ ပေါက်ကွဲ သွားတာ” လို့ သေဆုံးသွားတဲ့ ကလေး တစ်ဦးနဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
အဲဒီ RPG ကျည်ကို လယ်တောထဲကနေ ကောက်ယူလာပြီး ရွာထိပ်မှာ ဆော့ကစားစဥ် ပေါက်ကွဲ သွားတာလို့ သူက ပြောပါတယ်။
“၂ ယောက်က ပွဲချင်းပြီး သေတယ်။ တစ်ယောက်ကတော့ ဆေးရုံသွားပို့တဲ့ လမ်းမှာ သေသွားတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေး ၂ ဦးက အသက် ၁၂ နှစ်ဖြစ်ပြီး နောက်တစ်ဦးက အသက် ၁၃ နှစ် ဖြစ်တယ်လို့ သိရပါတယ်။
မုံးကိုး အုပ်ချုပ်ရေး တာဝန်ရှိသူတွေက မိဘတွေကို ခေါ်ယူပြီး စစ်ကျန် လက်နက် ပစ္စည်းတွေနဲ့ မိုင်းအန္တရယ် ဟောပြောထားပေမယ့် အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရတာကြောင့် ကလေးတွေကို အသိပညာပေးဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။