စစ်ဘေးရှောင်များကိုကူညီရန် အတွက် အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ကောက်ခံနေကြောင်း “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) ပြင်ပဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းက အသိပေးသည်။
“၀ ပြည် တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့ စစ်ဘေးရှောင်များအတွက် အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ကောက်ခံလျက်ရှိပါတယ်”ဟု ဦးညီရန်းက လူမှုကွန်ရက်တွင် ရေးသားကာ အလှူငွေ ကောက်ခံနေမှု ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံများကို ဖော်ပြခဲ့သည်။
အလှူငွေထည့်ဝင်ရာ၌ စာသင်ကျောင်းများရှိ ကလေးငယ်များ လည်း ပါဝင်ထည့်ဝင်နေမှုကို တွေ့ရသည်။
ထို့ပြင် “၀”တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက စစ်ရှောင်များအား အစားအစာနှင့် ရေပေးအပ်မှု၊ နေရာချထားမှု ရုပ်သံကိုလည်းဖော်ပြထားသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့က ရှမ်းမြောက်ဒေသ၌ ၁၀၂၇ စစ်ဆင်ရေးအရ စစ်ရေးဖော်ဆောင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ ထောင်ပေါင်းများစွာ စစ်ရှောင်နေရပြီး ၀ဒေသသို့ သွားရောက်ခိုလှုမှု အများအပြားရှိနေသည်။ စစ်ရှောင်များကို UWSAက အရေးပေါ် အကူအညီများပေးအပ်ပြီး နေရပ်ပြန်ရေးအတွက် ခရီးသွားလာရေးအတွက်လည်း ကူညီပေးလျက်ရှိသည်။