ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အပါအဝင် မြို့နယ် ၄ခုအတွင်းမှ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ ၇ရက်အတွင်း ထွက်ခွာရန် နောက်ဆုံးအကြိမ် အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကော့ကရိတ်မြို့နယ်အတွင်းရှိ တပ်ရင်းများက အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ အမိန့်ကို နိုဝင်ဘာ ၁၇ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟို သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြခဲ့သည်။
ယခု အမိန့်ထုတ်ပြန်မှုကို KNU ကော့ကရိတ်မြို့နယ်ရှိ တပ်ရင်း(၁၈)၊ တပ်ရင်း(၂၀၁)၊တပ်ရင်း(၁၀၃)၊ တပ်ရင်း(၂၈)၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်းက စုပေါင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့နှင့် ဝေါ်လေမြိုင်မြို့မှ အာဏာသိမ်းစစ်တပ် အုပ်ချုပ်ရေးအောက် ယန္တရားများတွင်ပါဝင်နေကြသူများအားလုံးထွက်ခွာသွားရန် အကြိမ်ကြိမ် သတိပေးပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုစာထုတ်ပြန်သည့်ရက်မှစ၍ ၇ရက်အတွင်းမြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရန် နောက်ဆုံးအကြိမ် အသိပေးကြောင်း ဖော်ပြထားသည်။
အမိန့်ထုတ်ပြန်မှုကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်သည်။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးက စစ်ကောင်စီကို စစ်ရေးအရပိုမို ရိုက်ခတ်စေမည့်လှိုင်းများ မကြာမီ ကာလအတွင်း ပေါ်ပေါက်လာတော့မည်ဟု ယမန်နေ့တွင် ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့သတိပေးချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။