နိုင်ငံပိုင်ပစ္စည်းများကိုရောင်းချ၊ငှားရမ်းမည့် စစ်ကောင်စီအစီအစဉ်တွင်ပါဝင်ခြင်းမပြုကြရန်နှင့်လိုက်နာခြင်းမရှိပါက အရေးယူကာ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာ ၁၇ရက်က ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီလက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့်အခြားအဖွဲ့အစည်းများက နိုင်ငံပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် မြေ၊အအောက်အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်ခွင့်များနှင့် သမဝါယပိုင်ပစ္စည်းများကို ထုခွဲရောင်းချရန်၊ငှားရမ်းရန်နှင့်အခြားနည်းလမ်းများဖြင့်ဆောင်ရွက်ရန် စီစဉ်နေခြင်းကြောင့် NUG ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်ကောင်စီသည်ပြည်သူလူထုထံမှ နိုင်ငံတော်အာဏာကို မတရားနည်းလမ်းဖြင့် အတင်းအဓမ္မသိမ်းယူရန်ကြိုးစားနေသည့် တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် မကြာခင်ချုပ်ငြိမ်းပျောက်ကွယ်သွားမည့် အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်သည်ဟုလည်းဖော်ပြထားသည်။
ထိုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ထုခွဲရောင်းချခွင့်နှင့်ငှားရမ်းခွင့်မရှိကြောင်း အသိပေးထားသည်။
“အိမ်ယာစီမံကိန်းပဲဖြစ်ဖြစ်၊ မြေကွက်ပဲဖြစ်ဖြစ် အခုချိန်မှာဝယ်မယ်ဆိုရင် သတိထားစေချင်တယ်။ စစ်ကောင်စီကခွင့်ပြုပေးတဲ့ စီမံကိန်းတွေက မခိုင်မာဘူးဆိုတာသိထားစေချင်တယ်”ဟု အိမ်ယာဖွံဖြိုးရေးဆိုင်ရာကုမ္ပဏီတစ်ခု ၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးကပြောသည်။
ယခုတားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံပိုင်ပစ္စည်းများကို လက်ဝယ်ရယူထားသူကို အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းများအဖြစ် ပြန်လည် သိမ်းယူသွားမည်ဟု NUGကဆိုသည်။