ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ညပိုင်းကင်းလှည့်နေပြီး လူဖမ်းကာ ပေါ်တာဆွဲမည်ဟူသော သတင်းများထွက်ပေါ်နေသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်နေသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာလဆန်းမှစ၍ ဧရာဝတီတိုင်းအတွင်း ဝင်ပေါက်မြို့များ၌ လုံခြုံရေးယူသည်။
ယခုရက်ပိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြမြို့များအပါအဝင် တိုင်းအတွင်းမြို့နယ်များတွင် ညဘက်၌ စစ်ကောင်စီတပ်နှင့်ရဲကားများ ကင်းလှည့်နေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ပေါ်တာဆွဲမည်ဟူသော သတင်းများလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသည်။
“ညဘက် ပေါ်တာဆွဲဖို့ နတခ( အနောက်တောင်တိုင်းစစ်ဌာနချုပ်) ကနေ ညွှန်ကြားချက်ရောက်နေတယ်ကြားတယ်။ ဒီရက် သတိထားကြရမယ်”ဟု ဧရာဝတီတိုင်းအတွင်းတနေရာ၌ ရောက်ရှ်ိနေသည့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်သည် ပုသိမ်မြို့၌ အခြေစိုက်သည်။ ဧရာဝတီတိုင်းအတွင်းမြို့နယ်များ၌ ည၁၂ နာရီမှ နံနက် ၄နာရီအတွင်း မထွက်ရအမိန့်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
” အခုက ဝန်ထမ်းတွေရော စစ်သင်တန်းတက်ဖူးတဲ့ကျောင်းသားတွေကိုပါ လုံခြုံရေးအကြောင်းပြပြီးတော့ လူစုနေတယ်လို့သတင်းတွေထွက်နေတာပဲ။ သူတို့မှာ စစ်တိုက်မယ့်သူမရှိတော့ အရပ်သားတွေကို ပေါ်တာဆွဲလာနိုင်တယ်။အခုက ကောလာဟလထက် ပိုနေတယ်။ ပေါ်တာဆွဲမယ့်ညွှန်ကြားချက်က ရှိနေတယ်လို့ သတင်းရထားပါတယ်”ဟု ပုသိမ်မြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
အတည်မပြုနိုင်သောသတင်းများအရ ဧရာဝတီတိုင်းအတွင်းမြို့နယ်အချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မည်ဟူသောသတင်းများလည်းထွက်ပေါ်နေသည်။
ထို့ကြောင့် စစ်ကောင်စီက မြို့ပေါ်ရှိ ဘုရားစေတီရင်ပြင်အချို့၌ ယခုရက်ပိုင်းတပ်စွဲနေသည်ဟု မြို့ခံများက ပြောသည်။
ဧရာဝတီတိုင်းမှ လူငယ်အများအပြားသည် ကရင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများ၌ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီး KNUနှင့် ပူးတွဲဖော်ဆောင်သော တိုက်ပွဲများ၌ ပူးတွဲတိုက်ခိုက်နေကြသည်။