ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မွန်းလွဲ ၂ နာရီကျော်လောက်မှာ တပ်စခန်းကိုတဖက်က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တဲ့အသံကြားရပြီး ချက်ချင်းပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲ ဖြစ်ပွါးခဲ့တာလို့ ဒေသခံကပြောပါတယ်။
“လက်နက်ကြီး ပေါက်ကွဲသံတွေဆိုရင် တော်တော်လေးကိုကြမ်းတယ်။ စစ်သားတွေကတော့ စခန်းထဲကမထွက်ဘဲ ပြန်ပစ်ထုတ်နေတာ” ဟိန္ဒားဒေသခံတစ်ဦးက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ပြီးနောက်မှာတော့ ပစ်ခတ်သံတွေငြိမ်သွားတယ်လို့ ဒေသခံကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွါးချိန် ဟိန္ဒားရွာကအနီး ဥယျာဥ်ခြံတွေထဲမှာ လုပ်ကိုင်နေတဲ့ဒေသခံတွေနဲ့ သတ္တုမိုင်းလုပ်ကိုင်နေသူတွေအားလုံး စိုးရိမ်ပြီး ရွာထဲကိုပြန်ဝင်ပြေးလာကြတယ်လို့ ဒေသခံကဆိုပါတယ်။
အဲဒီစခန်းကို အခုလ ၁၀ ရက်နေ့ညပိုင်းကလည်း အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အခုပစ်ခတ်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုမသိရသေးသလို အခုလ ၁၀ ရက်နေ့တိုက်ခိုက်မှုကိုလည်း ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
တိုက်ခိုက်ခံရတဲ့နေရာဟာ ဟိန္ဒားရွာထိပ်က ကိုလိုနီခေတ်အဆောက်အဦတချို့နဲ့ မိုင်းလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီတွေရဲ့ အဆောက်အအုံတွေရှိတဲ့နေရာဖြစ်ပါတယ်။
အဲဒီနေရာကို စစ်ကောင်စီတပ်သားတွေကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ၊ ခြံစည်းရိုးတွေနဲ့ တပ်စခန်းပုံစံအခိုင်အမာ ဆောက်လုပ်ကာ အင်အား ၅၀ ဝန်းကျင်လောက်ကတပ်စွဲထားတာလို့ ဒေသခံတွေကဆိုပါတယ်။