ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံအမြန်ဆုံးပြန်ကြရန် ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ သတိပေး ထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကတည်းက လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း အသိပေးထားသည့် MNDAA က ယနေ့ (နိုဝင်ဘာ ၁၈ရက်)တွင် အရပ်သားများအပေါ် အသိပေးချက် ထုတ်ပြန်ပြီး အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံးဝေးခွာထားရန် ကြေညာချက်၌ ဖော်ပြထားသည်။
လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပစ်ခတ်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာမပြောင်းရွှေ့ကြရန်လည်း အသိပေးထားသည်။
အထက်ပါ အသိပေးချက်များကို အလေးထားလိုက်နာပေးရန် ဖော်ပြထားပြီး ကျိုးဖောက်ပါက မိမိကိုယ်တိုင်တာဝန်ယူရမည်ဟု ဖော်ပြသည်။
MNDAA သည် လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်တွင် စတင် ဖော်ဆောင်ကာ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ဆင်ရေး သုံးပတ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅၂ခု သိမ်းပိုက်ပြီးဖြစ်ကြောင်း MNDAA က ကြေညာထားသည်။ စစ်ဆင်ရေးတွင် ပါဝင်သည့် တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီတပ်စခန်း ၄၀နီးပါး သိမ်းပိုက်ထား၍ စုစုပေါင်း စစ်ဆင်ရေးစတင်ချိန်မှ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၁၉၀ ခန့်ကို သိမ်းပိုက်ရရှိထားသည်။