ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အုမ်းစွမ်ရွာ ဒေသခံ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး သေဆုံးခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့၊ နိုဝင်ဘာ ၂၀ ရက်၊ ည ၁၂ နာရီ ဝန်းကျင်မှာ နမ့်ဆန်မြို့သစ် တပ်စခန်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ရာ အုမ်းစွမ်ရွာထဲ ၃ လုံး ကျရောက်ပေါက်ကွဲလို့ ၆ တန်းကျောင်းသူ လွေးမြသန္တာလင်း ရဲ့ ရင်ဘတ် ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးစ ထိမှန်မှုကြောင့် ၁၄ နှစ်အရွယ် လွေးမော်မော်စန်း၊ ၁၈ နှစ်အရွယ် မိုင်းရဲလင်းနောင်၊ ၄၈ နှစ်အရွယ် ယာမြညွန့်၊ ၅၀ နှစ်အရွယ် တာထွန်းလှတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ နေ့လယ်ကလည်း စစ်ကောင်စီရဲ့ နမ့်ဆန်မြို့သစ်တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနဲ့ ကျောက်မဲမြို့ တပ်စခန်းကနေ မြို့သစ်ကျေးရွာ အတွင်း လက်နက်ကြီးနဲ့ ၃၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
အဆိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ နေရာတွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲ တစုံတရာ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နမ့်ဆန်မြို့နယ် အတွင်းက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာလို့ TNLA က ပြောဆိုထားပါတယ်။