ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့က ဒေသခံတွေ အမြန်ဆုံး တိမ်းရှောင်ကြဖို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့-KHAI က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ‘၁၁၁၁ စစ်ဆင်ရေး’ ကာလ ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ် ပြင်းထန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ မကြာခဏ လက်နက်ကြီး ထိမှန် သေဆုံးတာတွေကြောင့် အခုလို တိုက်တွန်းတာလို့ ဆိုပါတယ်။
“အခုက မြို့သိမ်း တိုက်ပွဲ ဖြစ်တယ်။ စစ်တပ်ရှိတဲ့ နေရာတိုင်းကို သူတို့က ဝင်ပြီး တိုက်ပွဲ ဖော်မယ် ဆိုတော့ အဲဒါ သူတို့အတွက် စိတ်ပူတော့ တွန်းအားပေးတာပေါ့။ တချို့ ပြည်သူတွေက နားလည်တယ်။ ကြောက်ကြတယ်။ ထွက်ကြတယ်။ တချို့ ပြည်သူတွေကျလည်း အမြင်စောင်းတယ်ပေါ့။ ခြိမ်းခြောက်တာလား၊ ဘာလား ညာလားပေါ့။ အခု လက်တွေ့ ကြုံနေရတာပဲလေနော်။ ပြည်သူတွေ အများကြီး ကြောက်နေကြတယ်။ ကျနော်တို့က ထွက်လို့ရတဲ့လူ မှန်သမျှ ထွက်စေချင်တယ်။ လုံးဝထွက်လို့ အဆင်မပြေဘူး ဆိုရင်လည်း တိုက်ပွဲ မဖြစ်နိုင်တဲ့ နေရာတွေ၊ စစ်ကောင်စီနဲ့ ဝေးတဲ့ နေရာတွေမှာ ရှောင်နေကြပါလို့ တိုက်တွန်းချင်တာပေါ့နော်” လို့ KHAI ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ KHAI အနေနဲ့ မြေပြင် ကယ်ဆယ်ရေးအဖွဲ့၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-KSC၊ Free Burma Ranger စတဲ့ အဖွဲ့တွေနဲ့ အတူ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့က လူအင်အားပဲ များတယ်ပေါ့နော်။ ကျနော်တို့မှာ ရှိသလောက်နဲ့ ဝိုင်းကူနေရတယ်။ အခုလည်း ဖိတ်ခေါ်ပါတယ်။ ကူနိုင်တဲ့ အဖွဲ့တွေ မြေပြင်မှာ စစ်ဘေးရှောင်တွေကို ဝိုင်းပြီးတော့ ကူညီ လုပ်ဆောင်ပေးမယ်။ သူတို့ လိုအပ်နေတဲ့ နေထိုင် စားသောက်ဖို့ စောင်၊ ခြင်ထောင်၊ အဝတ်အစားက အစပေါ့နော်။ ပြီးတော့ ဆန်၊ ဆီ၊ ဆား ကအစ နေ့တိုင်း ကူနေရတယ်ပေါ့နော်။ ငွေကြေးပေါ့နော်၊ တအား ကုန်တယ်။ သွားကယ်ရတဲ့ အခါမှာ တစ်ရက်တစ်ရက် ဆီဖိုး နည်းတာမဟုတ်ဘူးပေါ့။ ရှိတာနဲ့ မလုံလောက်ဘူးပေါ့” လို့ သူက ရှင်းပြပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီနေ့အထိ လွိုင်ကော်နဲ့ မိုးဗြဲမြို့ကနေ စစ်ဘေးရှောင်သူ ၅၀,၀၀၀ နီးပါး ရှိလာပြီး ညောင်ရွှေမြို့ တစ်မြို့တည်းမှာ လူဦးရေ ၄,၅၀၀ ကျော် ခိုလှုံနေကြတယ်လို့ စုံစမ်း သိရပါတယ်။