ထားဝယ်မြို့နယ်က ကျောက်မဲတောင်ရဲစခန်းနဲ့ ဟိန္ဒားစစ်ကောင်စီစခန်းတွေမှာ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီနေရာနှစ်ခုမှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ အများအပြားထွက်ပေါ်နေတာပါ။
“ကျောက်မဲတောင်မှာ အဓိကချနေတာ။ လက်နက်ကြီးအသံတစ်ခုတည်းတင် အချက်ငါးဆယ်ကျော်ပြီ” လို့ အနီးအနားရွာကဒေသခံတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ ဟိန္ဒားရွာက စစ်ကောင်စီစခန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေအများအပြားထွက်ပေါ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုမနက်မှာ ကျောက်မဲတောင်ရဲစခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တောင်သုံးလုံးရွာက နေအိမ်တစ်ဆောင်ပေါ်ကိုကျပြီး ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူသေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။ နောက်ထပ် ထိခိုက်ဒဏ်ရာရတဲ့ ရွာသားတွေလည်းရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ကလေးက နောက်ကျောပါပွင့်သွားတယ်။ လက်နက်ကြီးတွေက ရွာထဲမှာဟိုနားဒီနားလာကျနေတာ” လို့ တောင်သုံးလုံးရွာခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် ကျောက်မဲတောင်ရွာ၊ ဟိန္ဒားရွာနဲ့ တောင်သုံးလုံးရွာကဒေသခံတချို့ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။