တနင်္သာရီတိုင်း၊ မြိတ်တက္ကသိုလ်တွင် အလုပ်ထွက်ချင်သည့် စစ်ကောင်စီလက်အောင်ခံ Non CDM ဆရာ၊ ဆရာမများကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က လျော်ကြေးငွေကျပ် ဆယ်(၁၀)သိန်းအထိ တောင်းခံနေကြောင်း သိရသည်။
မြိတ်တက္ကသိုလ် စစ်ကောင်စီလက်အောက်ခံ ပါမောက္ခချုပ်သည် လက်ရှိတွင်အလုပ် ထွက်ချင်သည့် ဆရာ၊ ဆရာမများကိုလျော်ကြေးငွေ ကျပ် ဆယ်(၁၀)သိန်း တောင်းသည့်အပြင် ကျောင်းမတက်ချင်သည့် ဆရာ၊ ဆရာမများကို နေ့စဥ် ဖိအားပေးကာ ကျောင်းတက်ခိုင်းခြင်းဖြစ်သည်ဟု Non CDM ဝန်ထမ်းများထံက သိရသည်။
“အခုက စစ်တပ်အလိုကျ အကုန်လိုက်လုပ်ပေးနေတာ။ ပါမောက္ခက ကျောင်းထဲမှာ ခဏခဏ ပွဲလုပ်တယ် ရန်ပုံငွေရှာတယ်။ စစ်တပ်ကို ခဏခဏ ဖိတ်ကြားတယ်။ ဆရာ၊ ဆရာမတွေ အလည်အပတ် ပြန်မယ်ဆိုလဲ မရဘူး ပြန်မလွှတ်ဘူး” ဟု စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းဖြစ်သည့် ဆရာမတစ်ဦးက ပြောသည်။
မြိတ်တက္ကသိုလ်မှ ဆရာ၊ ဆရာများအလုပ်ထွက်စာတင်ခြင်းများ စတင်ပြုလုပ်လာခြင်းမှာ လွိုင်ကော်တက္ကသိုလ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်း တပ်စွဲသည့် ဖြစ်စဥ်မျိုး ကြုံတွေ့လာနိုင်သည်ဟု ယူဆ၍ ယခုကဲ့လို လုပ်ဆောင်လာ ကြခြင်း ဖြစ်ကြောင်း မြိတ်ဒေသခံများက ဆိုသည်။
လက်ရှိတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်သည် ၎င်း၏ မိသားစုဝင်များကို မြိတ်တက္ကသိုလ်နှင့်ဝေးရာ ဆွေမျိုးများထံ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၅ ရက်နေ့များတွင် မြိတ်တက္ကသိုလ်၌ ပါတီပွဲများ ကျင်းပရန်စီစဥ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ အရာရှိများကိုပါ ပါမောက္ခချုပ်က ဖိတ်ကြား ထားကြောင်း မြိတ်တက္ကသိုလ်နှင့် နီးစပ်သူများထံက သိရသည်။