စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့အား ယနေ့(နိုဝင်ဘာ ၂၃ရက်)၊ မနက်အစောပိုင်းမှ စတင်ကာPDF ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိခဲ့ကာ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်ရှိတော့ကြောင်း ခန္တီးခရိုင် ပကဖထံမှ သိရသည်။
” ဒီနေ့ ရွှေပြည်အေးမြို့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်အထိုင်စခန်း တွေကို လေကြောင်းတိုက်ခိုက်မှု တွေကြားကနေ ကျတော်တို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့တယ်။ ရန်သူ ၈ဦး အရှင်ဖမ်းဆီးနိုင်ခဲ့တယ်။ မြို့သိမ်းပိုက်နိုင်ဖို့က စစ်ကောင်စီတပ်ရဲ့ စခန်းငယ်တစ်ခု ကိုတိုက်ဖို့ကျန်တော့တယ်”ဟု ခန္တီးခရိုင်ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၈ ဦးတွင် စစ်သား၊ ပြည်သူ့စစ် နှင့် SNA တပ်သားများပါဝင်ပြီး၊ ကာဘိုင်၊ G3 ၊ တူမီးနှင့် ၆၀ မမစိန်ပြောင်းအပါအဝင် လက်နက်မျိုးစုံ အလက် ၃၀ခန့် နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ရွှေပြည်အေးမြို့ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများအား အမှတ်၁ စစ်ဒေသ PDF တပ်ရင်း၊ မြို့နယ်ပကဖ၊ပလဖ ပူးပေါင်းတပ်များ၊ မဟာမိတ်တပ်ဖွဲ့များ စုစည်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ရွှေပြည်အေး ကို PDF ကသိမ်းပိုက်နိုင်ရင်တာ့ ချင်းတွင်းမြစ်ကြောင်း စိုးမိုးလို့ရသွားမှာပေါ့၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ လည်း စစ်ကောင်စီတပ်က ခံစစ်ပြင်နေကြတယ်။ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးစခန်းလည်း တိုက်ခံနေရ တယ်လို့သိရ တယ်။ တိုက်ပွဲတွေဖြစ်နေတော့ ဒေသခံတွေက ပြေးနေရတယ်” ဟု ဖောင်းပြင်မြို့ခံတစ်ဦးက ပြောသည်။