ဂြိုဟ်တုဖုန်း၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ၊ ရေဒါဆက်သွယ်ရေးပစ္စည်းများ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများကို လိုင်စင်မရှိဘဲ အသုံးပြုပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ အရေးယူမယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကနေ ဒီနေ့မှာ ကြေညာပါတယ်။
ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လုပ်ကိုင်တဲ့အခါ နိုင်ငံတကာဂြိုလ်တုအော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုလ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမယ်လို့ ဆိုပါတယ်။
အဲ့ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရင် တရားစွဲဆိုသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတိပေးချက်မှာ ပါရှိပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဟာ ထောင်တစ်နှစ်ထိ ကျခံနိုင်တဲ့ ပုဒ်မလို့ သိရပါတယ်။
စစ်ကောင်စီက တော်လှန်ရေး အားကောင်းနေတဲ့ဒေသတွေကို အင်တာနက်လိုင်းများနဲ့ ဖုန်းလိုင်းများဖြတ်တောက်ထားပြီး ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ကာလကြာရှည်အပိတ်ခံထားရပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မှာလည်း ဖုန်းလိုင်းများ ဖြတ်တောက်ထားတာကြောင့် Starlink အင်တာနက်ကို တချို့နေရာတွေမှာ သုံးနိုင်ပြီးလို့ လူမှုကွန်ရက်စာမျက်နှာ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။