ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့်ဘုရင့်နောင်လမ်းထောင့်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၂ ရက်၊ည ၉နာရီမိနစ်၄၀ ခန့်က ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးပြီးနောက် ပါရမီစစ်ကြော ရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးက ပြောသည်။
” ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်မှာ ဒီလူငယ် သေသွားလား၊ ရှင်သွားလားတော့ အတိအကျသိရဖို့ခက်ပါတယ်။ ပစ်ခတ်ပြီးတော့ နောက်ဆုံး ပါရမီစစ်ကြောရေးကို ပြန်သယ်သွားတယ်လို့သိရပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ ရမ်းကားမှုများကြောင့် လူငယ်များအတွက် လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်နေရကြောင်း လှိုင်မြို့နယ်၊ ပါရမီလမ်းနေပြည်သူတစ်ဦးက ပြောသည်။
“၉နာရီ ၄၀လောက်က သေနတ်သံက ၁၀ချက်ကျော်တယ်ကြားရတယ်။စစ်ကား ၂ စီးရောက်လာပြီး စစ်ဆေးတယ်။ည ၁၀နာရီ ခွဲကျော်အထိ စစ်နေတာ။ပြီးမှ ပြန်ထွက်သွားတာ။အဖမ်းခံရသူရှိမရှိတော့ သေချာမသိဘူး”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ၂၂ရက်၊ ည ၁၀နာရီခွဲခန့်က လှိုင်မြို့နယ်၊ဘုရင့်နောင်လမ်းမပေါ်ရှိ ပါရမီ စစ်ကြောရေးစခန်းအဝတွင် စစ်သားများ အပြည့်ပါသည့် DCကား ၂စီးရပ်ထားကြောင်း ယင်းအနီးသို့ ဖြတ်သန်းသွားသည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
“ဘုရင့်နောင်လမ်းမပေါ် ပါရမီ စစ်ကြောရေးအဝမှာ စစ်သားတွေ ရှိတယ်။ DC ၂ စီးလည်းတွေ့တယ်။အကုန်လုံးယူနီဖောင်းအပြည့်အစုံနဲ့ သေနတ်တွေကိုင်ထားတာ။အမျိုးသမီးတွေလည်း တွေ့တယ်။ဘာဖြစ်နေတာလဲတော့ မသိဘူး”ဟု ၎င်းက ပြောသည်။