ကိုးကန့်ဒေသရှိစစ်ကောင်စီတပ်စခန်း နှစ်ခုကို ယနေ့(နိုဝင်ဘာ ၂၃ရက်)တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ယနေ့ ကိုးကန့်ဒေသစစ်ရေးအခြေအနေမေးမြန်းမှုအပေါ် စခန်း နှစ်ခု ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးခြင်းဖြစ်သည်။
“စခန်းသိမ်းတာကတော့ကိုးကန့်နယ်ထဲမှာရှိပါတယ်။ ရှီးရှမ်းဒေသရဲ့ လွိရွှေလို့ ခေါ်တဲ့နေရာမှာ တစ်ခုရယ် ပြီးတော့ တုမ်းရှမ်းဒေသ ရီးဟူတောင်ကုန်းရယ် တောင်ကုန်း ၂ခု သိမ်းပိုက်ရရှိခဲ့ပါတယ်ဂဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုတပ်စခန်း နှစ်ခုအပါအဝင် MNDAAသည် ၁၀၂၇ စစ်ဆင်ရေးတစ်လနီးပါးအတွင်း စစ်ကောင်စီတပ်စခန်း ၁၆၆ ခုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ စစ်ဆင်ရေး၌ ပါဝင်သည့် တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီတပ်စခန်း ၄၆ ခုထက်မနည်း သိမ်းပိုက်ထားရာ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားသည့် တပ်စခန်း ၂၁၂ခုရှိပြီဖြစ်သည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ သိန္နီမြို့နယ် နမ့်စလပ်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီက ဓာတ်တုအဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်လာသည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒီနေ့ နမ့်စလပ်တိုက်ပွဲမှာဓာတုဗုံး ၄လုံးလာချသွားတယ်။ အဆိပ်မိတဲ့ ရဲဘော်အန်းအကျဉ်းတော့ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ် အသက်ဘေးအန္တရာယ်တော့မရှိသေးဘူး။ အဓိကတော့ ဒီအဆိပ်မိရင် ခေါင်းမူးတယ် အော့အန်တယ် ပေါ့နော် ဒီလိုအနေအထားတွေရှိတယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
MNDAAကလည်း တရုတ်ဘာသာဖြင့် ယနေ့ တိုက်ပွဲသတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်ဓာတုဗုံးတိုက်ခိုက်၍ ရဲဘော်များ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၄ရက်ကလည်း လားရှိုးမိုင်းကျက် တပ်စခန်းတိုက်ပွဲတွင် ဓာတုဗုံးသုံးတိုက်ခိုက်သကဲ့သို့ နိုဝင်ဘာ ၁၈ရက်တွင်လည်း နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းအား TNLAက သိမ်းပိုက်ထားစဉ် စစ်ကောင်စီက ဓာတုဗုံးသုံး တိုက်ခိုက်ခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။