ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှ စစ်ကောင်စီ၏ အဓိက စစ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း CNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက အတည်ပြု သည်။
CNA နှင့် ချင်းတော်လှန်ရေး တပ်ပေါင်းစုက လိုင်လင်းပီ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“လိုင်လင်းပီမှာ စစ်ကောင်စီစခန်းကြီးတစ်ခုပဲ အဓိကရှိတာ။ အဲဒီစခန်းရပြီဆိုတော့ မြို့က ခပ်သေးသေးဆိုတော့ မြို့သိမ်းလို့ရပြီလို့ ပြောလို့ရတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လိုင်းလင်းပီ စစ်ကောင်စီတပ်စခန်းကို CNA၊ CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei ပူးပေါင်းတပ်ဖွဲ့က ပိုက်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြာင်းပစ်ကူများ ၄ရက်ကြာ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များက ပထမဆုံးမြို့အဖြစ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် လိုင်လင်းပီမြို့သည် ဒုတိယမြောက်သိမ်းပိုက်နိုင်သော မြို့ဖြစ်ကြောင်း သိရှိရသည်။ လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်လျက်ရှိပြီး ယင်းလေယာဉ်ကွင်းကို NLD အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။