ဆေးကုမ္ပဏီတွေ ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းချမပေးနိုင်တာကြောင့် ဆေးဝါးတွေ ဈေးတက်ကာ ပစ္စည်းပြတ်လပ်မှုများ ဖြစ်နေတယ်လို့ ဆေးဝါးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ပြည်ပကနေ ဆေးဝါးတင်သွင်းခွင့်ပါမစ် ချပေးရာတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဆင့်ဆင့် ခွင့်ပြုချက်တောင်းခံနေရသဖြင့် ကြန့်ကြာနေတာကြောင့် ကုမ္ပဏီ တွေဘက်ကလည်း ဈေးကွက်လိုအပ်ချက်အတွက် ပြန်လည်ရောင်းချဖို့ ခက်ခဲနေတာလို့ ဆေးဝါးရောင်းချသူတွေဆီက သိရပါတယ်။
လက်ရှိမှာ ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံမှာ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေပြီး ဆီးချိုရောဂါသည်များ သောက်သုံးသည့် ဆေးဝါးများ၊ အဆုတ်ရောဂါအတွက် သုံးသည့် ပိုးသတ်ဆေးများ၊ ဈေးကြီးသည့် နိုင်ငံခြားဆေးဝါးတချို့မှာ ပစ္စည်းပြတ်လပ်နေတယ်လို့ သိရပါတယ်။
“ကုမ္ပဏီ ပစ္စည်းမချပေးဘူး၊ သူတို့ကလည်း လိုင်စင်မချပေးတော့ လက်ကျန်တွေ ထိန်းရောင်းနေတယ်၊ မိုးမြင့်ထွန်းရှိတုန်းက လိုင်စင်ကို ငွေပေးရင်ရတယ်၊ အခု အဆင့်ဆင့်ဖြတ်နေရတယ်၊ ပြီးတော့ ၃ လလောက်ရှိပြီး မရဘူးလို့လည်း ပြောတယ်၊ နိုင်ငံရေးအခြေနေတွေကြောင့်လည်း ဝယ်စုတာပါတော့ ပစ္စည်းပြတ်ပြီး ဈေးတက်နေတယ်” လို့ မင်္ဂလာဈေးရှိ ဆေးဝါးလက်ကားရောင်းဝယ်သူ တစ်ဦးကပြောပါတယ်။
ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့် တင်ပြနေရတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဆေးဝါးဈေးနှုန်းများ တပတ်နှင့်တပတ် မတူအောင် မြင့်တက် လျက်ရှိပြီး တချို့ဆေးဝါးများမှာ ဆေးဆိုင်တိုင်း၌ပင် ဝယ်ယူလို့ မရဘူးလို့ ဆေးဝါးတင်သွင်းနေသူတွေဆီက သိရပါတယ်။
ရင်ကြပ်ပန်းနာအတွက် ဂေါက်ရူဆေးများ၊ ကင်ဆာဆေးများ၊ မျက်စင်းဆေးများမှာ အကြမ်းဖျင်အားဖြင့် တစ်ဘူးလျှင် နှစ်သောင်းဝန်းကျင်သာရှိတဲ့ ဆေးဝါးများက အခုမှာတော့ ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်နေပါတယ်။
ပုံမှန်အားဖြင့် နယ်စပ်လမ်းကြောင်းမှ ဝင်လာတဲ့ဆေးဝါးများမှာလည်း ကုန်သွယ်ရေး ရပ်တန့်မှုတွေကြောင့် ဝင်ရောက်မှုမရှိဘဲ ဆေးဝါးဈေးတွေမြင့်တက်နေတာလို့ သိရပါတယ်။
ဒါအပြင် စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီက သွင်းကုန်တင်ပို့မှုတွင် အုပ်စု ၅ မျိုး ခွဲထားပြီး ယင်းအထဲမှ ဦးစားပေးကုန်စည်များ (စားသုံးဆီ၊ စက်သုံး ဆီ၊ ဆေးဝါး စသည်ဖြင့်) ကိုသာ သွင်းကုန်ပါမစ်များကို ချထားပေးနေတယ်လို့ ပြောဆိုထားပါတယ်။