စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာရှိတဲ့ ခရိုင်စိုက်ပျိုးရေးရုံး အလယ်က စစ်ကောင်စီ ဌာနဆိုင်ရာ ပွဲကျင်းပလေ့ရှိတဲ့ မြတ်ဇေယျာခန်းမနဲ့ ခရိုင် စိုက်ပျိုးရေးရုံးကို မီးရှို့ပြီး မိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ People’s Army to Fight Dictatorship-PAFD က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ ၂၃ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးရုံးဝင်းမှာရှိတဲ့ စစ်ကောင်စီ ဌာနဆိုင်ရာ အစည်းအဝေး ပြုလုပ်တဲ့ ခန်းမကို ဝင်ရောက်မီးရှို့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“မနက်ပိုင်း ပြန်ဆုတ်လာတဲ့အထိ ရုံးကတော့ တော်တော်မည်းသည်း စုတ်ပြတ်သတ် သွားတယ်။ ခွေးတွေကတော့ အဲ့ဒီနေ့ညမှာပဲ ကျွန်တော်တို့ ထွက်ပြီး ငါးမိနစ်လောက်မှာပဲ သူတို့ ရောက်လာတယ်။ သူတို့ စစ်တယ်။ ဒါပေမယ့် အဲ့ဒီထဲကိုတော့ သူတို့မဝင်ရဲဘူးလို့လည်း သတင်းကြားပါတယ်။ သူတို့စစ်တပ်တွေ ပတ်လည် ဝိုင်းနေတဲ့ကြားထဲ လုပ်သွားတာ ဆိုတော့ တော်တော်ခံပြင်းမှာပေါ့” လို့ PAFD ပြန်ကြားရေး တာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မြတ်ဇေယျာခန်းမဟာ စစ်ကောင်စီဝန်ကြီး၊ အရာရှိကြီးတွေ ပွဲအခမ်းအနား ကျင်းပတဲ့နေရာဖြစ်ပြီး စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး လာရောက်ခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ခန်းမပတ်လည်မှာ တိုင်းအရန်ရဲတပ်ခွဲရုံး၊ ခရိုင်မီးသတ်ရုံး၊ ခရိုင်မြို့နယ် စက်မှုလယ်ယာရုံးတွေ ရှိတာကြောင့် တော်လှန်ရေး ရဲဘော်တွေ စွန့်စွန့်စားစား ဝင်ရောက် ဖျက်ဆီးခဲ့တာလို့ PAFD ကဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှု အတွင်း စိုက်ပျိုးရေးရုံး ဒုတိယ ဦးစီးမှူး တစ်ဦး ဒဏ်ရာရရှိတယ်လို့ သတင်းထွက်ပေါ်နေ ပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းဆဲ ဖြစ်ပါတယ်။
အခုတကြိမ်ဟာ စစ်ကိုင်းမြို့ပေါ် အစိုးရရုံး တိုက်ခိုက်ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး မနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ပါရမီရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးကို ဖောက်ခွဲခဲ့တယ်လို့ The people’s Dictatorship Revolutionary Force – DPRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။