ဆိုင်ကယ်စီးနှင်းခွင့်ကို ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ရှိ ကျေးရွာတချို့မှာ စစ် ကောင်စီဘက်က ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
တိုက်နယ်ထဲက ကျေးရွာအားလုံးကို ကန့်သတ်လိုက်တာ မဟုတ်ဘဲ ဖောင်းတောကျေးရွာအုပ်စုက ဓမင်းဆိပ်ရွာ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုထဲက ပယရွာနဲ့ ဇာဒီ ကျေးရွာအုပ်စုက ဇာဒီရွာတွေကိုပဲ ကန့်သတ်လိုက်တာပါ။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနဲ့နီးစပ်သူတွေက ရွာထဲကို မနေ့ကတည်းက လိုက်လံပြောဆိုထားတာဖြစ်ပြီး ဆိုင်ကယ်စီးရင်ပစ်မိန့်ပါထွက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ကို အိမ်မှာပဲငတ်ပြီး သေစေချင်တဲ့ပုံပဲဗျ။ ကျနော်တို့လို ဆင်းရဲသားလူတန်းစားတွေကျတော့ ဆိုင်ကယ်ကိုပဲ အားကိုးနေရတာ။ ဒီလိုကန့်သတ်လိုက်တော့ကျနော်တို့ဘယ်သွားပြီးဘာလုပ်စားရအုံးမှာလဲ။” လို့ ကံပေါက်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အခုအမိန့်ဟာ ဘယ်အချိန်ထိ သတ်မှတ်ထားတာလဲ ဆိုတာကို ဒေသခံတွေ မသိရပါဘူး။
အခုလိုမျိုး ဆိုင်ကယ်စီးခွင့်ပိတ်တာကို တိုက်နယ်ထဲရှိ ကံပေါက်ကျေးရွာက ရပ်ကွက် ၁၁ ခုမှာ အခုနှစ်အစ၊ ဇန်နဝါရီလကတည်းက စစ်ကောင်စီက အမိန့်ထုတ်ခဲ့တာပါ။ တစ်နှစ်နီးပါးအကြာမှာ တိုက်နယ်ထဲက ကျေးရွာသုံးခုကိုပါ နှုတ်အမိန့်နဲ့ ထပ်မံကန့်သတ် လိုက်တာပဲ ဖြစ်ပါတယ်။
တိုးချဲ့ကန့်သတ်လိုက်တဲ့ ကျေးရွာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ တစ်ခါမှ မဖြစ်ဖူးပေမယ့် ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကတော့ ပစ်သတ်၊ တိုက်ခိုက်ခံရတာမျိုးတွေရှိခဲ့ပါတယ်။
၁၁ လအကြာ ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ကံပေါက်ကျေးရွာ ၁၁ ခုကပြည်သူတွေကတော့ ဆိုင်ကယ်တွေကို ဘေးတွဲတပ်ဆင်ပြီးမှသာ အသုံးပြုခွင့်ရနေကြပြီး ဘေးတွဲဆင်ဖို့မတတ်နိုင်တဲ့သူတွေက ဘေးတွဲငှါးရမ်းကာ သွားလာနေကြရပါတယ်။
ဘေးတွဲငှားရမ်းခဟာ ခရီးအနီးအဝေးပေါ် မူတည်ပြီး အသွားတစ်ကြောင်းကို အနည်းဆုံး ကျပ် ၁၀၀၀ ပေးရတာကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းအပါအဝင် နိုင်ငံအနှံ့အပြားက ပြည်သူတွေရဲ့ ဆိုင်ကယ်စီးနှင်းခွင့်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်ကစပြီး ပုံစံမျိုးစုံနဲ့ ကန့်သတ်တားမြစ်တာတွေ စတင်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။