တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွှေ၊ ငွေနှင့် တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ DDMSC မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာအတွင်း ရောက်ရှိလာကာ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ဝင်ရောက်ပြီး နေအိမ် အတွင်းရှိ တန်ဖိုး သိန်းရာချီရှိသော ရွှေ၊ ငွေနှင့် တခြား တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။
” စစ်ခွေးတွေ ဝင်လာတုန်းက ဖမ်းဆီးထားတဲ့ ရွာသားတချို့ကို မနေ့က ည ၈ နာရီခွဲလောက်မှာ ပြန်လွှတ်ခဲ့ပါတယ်။ သပိတ်အဖွဲ့နဲ့ PDF တွေကို ထောက်ခံရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်စာတွေ ရေးခဲ့တယ်။ သိန်းရာချီ တန်ဖိုးရှိ ပြည်သူပိုင် ရွှေ၊ ငွေနဲ့ တခြား တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူသွားတယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ DDMSC မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကျောက်နီမော်ကျေးရွာကို ဆင်းသွားပြီး ကျောက်နီမော်မှ မြတ်ရှင်မော် အထိ အောက်ပိုင်းတစ်ခုလုံးကို ဖုန်းလိုင်းဖြတ်ထားကြောင်း လောင်းလုံး PDF တပ်ဖွဲ့ထံမှ သိရသည်။