ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA အကြားတိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီကျော်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အနီးရှိ စစ်ကောင်စီ၏ စစ်သင်္ဘောနှင့် စစ်တွေရှိ အမှတ် ၁၂ ရဲတပ်ရင်းတို့က ပေါက်တောမြို့သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် ခဲ့ရာ ပေါက်တောမြို့ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ မယ်တော်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် မင်းပြားမြို့နယ်၊ ကေသာ ချောင်းဝကျေးရွာအတွင်းသို့ ကျရောက်ကာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီကျော်အချိန် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့မဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်ကလည်း ရသေ့တောင် မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသော ရေစိုးချောင်းဗျူဟာက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ရသေ့တောင်၊ လိုင်ဂွင်ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ချင်ပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်” ဗျူဟာ နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးတိုက်ပွဲမှာ ပြင်းထန်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စစ်တပ်က ဂျက်တိုက် လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် (၈) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရှိရသည်။