စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့စခန်းကုန်းကို PDF က သိမ်းပိုက်ရရှိခဲ့တယ်လို့ KLG PDF – ကျောက်လုံးကြီးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၂ရက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းရှိတဲ့ Station ကုန်းခေါ် ရန်သူ့ ဆက်သွယ်ရေးစခန်းကို ယင်းမာပင် ခရိုင်တပ်ရင်း – ၂ က ဦးဆောင်ပြီး အခြား မဟာမိတ်တပ်တွေနဲ့ အတူ ယင်းမာပင် ခရိုင်တပ်ရင်း ၂၁ ၊ ၂၂ ၊ ၂၃ (KLG PDF – ကျောက်လုံးကြီး)က ရဲဘော်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
အဲဒီစခန်းကုန်းဟာ ဆက်သွယ်ရေးဗျူဟာမြောက် အန္ဒိယ – မြန်မာချစ်ကြည်ရေးလမ်းပေါ်မှာ တည်ရှိပြီးတော့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀ခန့်နဲ့ အခြေစိုက်ထားတဲ့ စစ်စခန်း တခု ဖြစ်ပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်က ပထမအကြိမ်ထိုးစစ်မှာ အခက်အခဲအချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ခွာစစ်ဆင်ခဲ့ရပြီး နိုဝင်ဘာ (၂၃) ရက်နေ့မှာ အပြီးသတ်ထိုးစစ်နဲ့အတူ စခန်းကိုအောင်မြင်စွာသိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ရန်သူ (၁) ဦး ကျဆုံးပြီး (၁၁) ဒဏ်ရာရရှိကာ ပြည်သူ့ရဲဘော် (၃) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်ဆိုတာနဲ့ KLG PDF – ကျောက်လုံးကြီးက ရဲဘော်တဦးလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအပြီး အကြမ်းဖက် စစ်တပ်ထံကနေလက်နက်ငယ် – ၁ ၊ ကျည်မျိုးစုံ – ၂၅၀၀ ကျော်၊ Equipment – 1 စုံ၊ ကျည်အိမ် – ၂ ခု၊ မိုင်း -၁၆ လုံး၊ အီနာဂါဗုံးသီး – ၄ လုံး နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။