မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘုန်းတောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကခရိုင် အမှတ် ၆ တပ်ရင်း (Myaing Villages Revolution Front) အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြိုင်မြို့ပေါ်၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီးများဖြင့် ထန်းဘုန်းတောကျေးရွာကိုပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ထန်းဘန်းတောကျေးရွာရှိ ဦးမတ်ကျော် နေအိမ်ကို ထိမှန်ကာ ဦးမတ်ကျော်၊ ဒေါ်စန်းညွှန့် နှင့် အောင်ချမ်းသာကျေးရွာမှ အလည်လာသော ဒေါ်ဝင်းနွဲ့တို့ ကျည်စ ထိမှန်ပြီးသေဆုံးကာ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။