စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ဩစတြေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနယ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ “An Unlikely Prisoner” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ် မဲဘုန်းမြို့ ဒေါ့ကလန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ်တဲ့ ပါမောက္ခ ရှောင်တာနယ်ဟာ အင်းစိန်ထောင်၊ နေပြည်တော်ထောင်နဲ့ စစ်ကြောရေးတွေမှာ ၂ နှစ်နီးပါး ကြာအောင် ဆိုးဆိုးဝါးဝါး ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးခဲ့တဲ့ ပါမောက္ခ ရှောင်တာနယ်ကို ဘာအပြစ်မှမရှိဘဲ စစ်ကောင်စီက တရားလက်လွတ် ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့ အခါမှာတော့ အကျဉ်းစခန်းနဲ့ ထောင်တွေထဲမှာ ရက်ပေါင်း ၆၅၀ ကြာ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပါမောက္ခ ရှောင်တာနယ်က စာအုပ်ရေးသားခဲ့တာ ဖြစ်ပါတယ်။