ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး မနေ့က လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးဟာ လက်နက်ချအလင်းဝင်လာတာဖြစ်ပြီး မြို့တွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း အမြန်ဆုံးလက်နက်ချ အလင်းဝင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
အဆိုပါ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ စာရင်းပြုစုဆဲဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ လုံခြုံဘေးကင်းတဲ့နေရာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီစေဖို့ နိုဝင်ဘာ ၁၁ ရက်က ကရင်နီ ၁၁၁၁ စစ်ဆင်ရေးကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ အခိုင်အမာ တပ်စွဲထားတဲ့ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေကြပါတယ်။
နိုဝင်ဘာ ၁၃ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ရင်း ခမရ(၄၂၅)တပ်ရင်းမှ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့အပါ ၁၁၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲမှာလည်း ခမရ(၆) တပ်ရင်းတစ်ဝက်နီးပါးသေဆုံးခဲ့ပြီးနောက် ကျန်တဲ့ စစ်ကောင်စီတပ်သား ၃၈ ယောက်ဟာလည်း KNDF ထံ လက်နက်ချအလင်းဝင်ခဲ့ပါသေးတယ်။