လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေစီးလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ လောင်းလုံး (ပကဖ)နဲ့ မြို့ခံတွေ ဆီကသိရပါတယ်။
မနေ့ကညနေ ၅ နာရီ လောက်မှာ မြို့ပေါ်က စောင်းကြိုးလမ်းပေါ် စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ဗီဂိုးအမျိုးအစားကား ဖြတ်သွားချိန် လောင်းလုံး(ပကဖ)က ပဒေသာမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
“ကားထိုးရပ်သွားပြီး ကားနောက်ကကောင်တွေပါလွင့်ကျကုန်တယ်။ ပြန်တောင်မပစ်နိုင်ဘူးဗျ” လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေမိုင်းဆွဲခံရတဲ့နေရာကို လောင်းလုံးရဲစခန်းကနေ သေနတ်တွေ၊ ၄၀ မမ လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကူတပ်ဖွဲ့ ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကဆက်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိတယ်လို့ လောင်းလုံး(ပကဖ)ကထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ လောင်းလုံး အထက်တန်းကျောင်းနဲ့ ဆေးရုံရှေ့တွေမှာ လမ်းသွားလမ်းလာတွေဆီကနေ ငွေကြေးအများအပြားတောင်းခံနေတဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အလှူသွားတဲ့ကားတွေကိုလည်း အကြောင်းအမျိူးမျိူးပြကာ ငွေကျပ်သိန်းဂဏန်းအထိတောင်းခံနေပြီး လမ်းသွားလမ်းလာတွေက ညှိနှိုင်းပြီးသွားလာနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အခုရက်ပိုင်းမှာပဲ အလှူကားကိုတားပြီး ကား ပေါ်မှာတစ်ယောက်ကို သုံးသောင်းစီပေးရမယ်ဆိုပြီးတောင်းတယ်” လို့လောင်းလုံးဒေသခံတစ်ဦးကပြောပါတယ်။
ကားတိုက်ခိုက်ခံရပြီးနောက် မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ စစ်ဆေးတာနဲ့ ငွေကြေးတောင်းခံတာတွေမရှိတော့ဘဲ ရဲစခန်းနဲ့ထွေအုပ်ရုံးတွေထဲမှာ တတပ်စွဲနေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။