စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရွှေပန်းကုံးကျေးရွာရဲစခန်း PDFတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းက စခန်းမှူးနဲ့ ဒုရဲအုပ်တွေအပါအဝင် ၁၆ ယောက်ကို အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁) ရက်၊ မနက် ၂နာရီ ၁၅ မိနစ်ကနေ ၃နာရီ၄၀မိနစ်ခန့်အထိ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရွှေပန်းကုံးကျေးရွာရဲစခန်းကို အမှတ် (၁) စစ်ဒေသ၊ အမှတ်(၂) ရွှေဘိုခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း ရန့်သူဘက်က (၃) ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျော်နဲ့ ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် အခြားအဆင့် (၁၆ )ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်သူ့တပ်ထံက သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းနဲ့ ပစ္စည်းကိရိယာစာရင်း BA-94 – (၃)လက်၊ MA-13 – (၃) လက်၊ BA-63 – (၁၆) လက် (၃ လက် ပျက်စီး)၊ BA-64 – (၁) လက်၊ 79 ဗုံးပစ်လောင်ချာ – (၁)လက်၊ ၁၂ ဗို့ ပြောင်းချော – (၂) လက်၊ ၃၈ ဗို့ ပြောင်းချော – (၁) လက်၊ ၃၈ ဗို့ ၆ လုံးပြူး – (၄) လက်၊ 7.62 (G3) ကျည် – (၅,၅၈၇) တောင့်၊ ၉ မမ ကျည် – (၇၀၀) တောင့်၊ ၃၈၀ ကျည် – (၆) တောင့်၊ ကိုးလုံးကျည် – (၈၉) တောင့၊ ၃၈ ဗို့ ရာဘာကျည် – (၆) တောင့်၊ ၃၈ ဗို့ ဓာတ်ငွေ့ကျည် – (၁၈) တောင့် တို့ကို သိမ်းဆည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လက်ပစ်ဗုံးသီး – (၁၂) လုံး၊ ရှေ့ထွက်မိုင်း – (၆) လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး – (၂၀) လုံး၊ G3 ကျည်ဘောက် – (၂၈) ခု၊ MA-13/BA-94 ကျည်ဘောက် – (၁၀) ခု၊ ကပ်သီး (ရှေ့ထွက်မိုင်းဖြုစ်) – (၆) ခု၊ လှံစွပ် – (၁၁) ခု၊ ဓား – (၂) လက်၊ လက်ထိပ် – (၇) ခု၊ Icon အစုံ – (၁၅) လုံး ၊ Jammer – (၁) ခု၊ 4 Scope – (၁) ခု၊ ကျင်စက် – (၂) ခု ၊ ဖုန်းမျိုးစုံ – (၁၂) လုံး၊ ငွေသား – (၉၀၈,၀၀၀) ကျပ်နဲ့ ဆိုင်ကယ် – (၉) စီးကို ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦး ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။