ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုးလေဆိပ်တွင်တာ၀န်ကျနေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့၀င် ၁၁ ဦးသည် လွိုင်ကော်သို့အပိုခံရသဖြင့် လက်နက်များထားကာ ဟဲဟိုးလေဆိပ်သို့ပြန်လည် ထွက်ပြေးလာစဉ် ဖမ်းဆီးခံရကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရဲအုပ်စိုးမိုးလွင်အပါအဝင် ရဲတပ်ဖွဲ့၀င် ၁၁ ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်ဘက်မှနေ၍ ဟဲဟိုးလေဆိပ်သို့ ပြန်လည်ထွက်ပြေးလာခဲ့ပြီး သေနတ်များပြန်ပါမလာ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဟဲဟိုးလေဆိပ်ရှိ Non CDM ဝန်ထမ်းတစ်ဦးထံက သိရသည်။
“လွိုင်ကော်ကနေ ပြန်ပြီးထွက်ပြေးလာတာ လက်နက်တွေပြန်ပါမလာလို့ ဖမ်းထားတာ။ ပြေးတာက တိုက်ပွဲမှာမနိုင်လို့ ထွက်ပြေးလာကြတာ။ လက်နက်နဲ့ ထွက်ပြေးရင် PDF တွေဖမ်းမှာကြောင့် ဒီအတိုင်းပြေးလာကြတာ။ တစ်ကယ်ဆို PDF တွေဆီမှာ လက်နက်ချလိုက်တာမှ သက်သာဦးမယ် “ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
ရဲအုပ်စိုးမိုးလွင်သည် လွိုင်ကော်လေဆိပ်တွင် တာဝန်ခံရာထူးအနေဖြင့် ပြောင်းရွေ့ရခြင်း ဖြစ်ပြီး လွိုင်ကော်တိုက်ပွဲ၌ ဝင်ရောက်တိုက်ခိုက်ရာတွင် အထိနာ၍ ရဲတပ်သား ၁၀ ဦးနှင့်အတူ လက်နက်များထားခဲ့ကာ ထွက်ပြေးခြင်းဖြစ်ကြောင်း ဟဲဟိုးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်သည့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ရဲအုပ်စိုးမိုးလွင်၏ ဇနီးဖြစ်သူမှာ ရဲအုပ်ဖြူဖြူဝင်းဖြစ်ပြီး တောင်ကြီးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွင် လက်ရှိတာဝန်ထမ်းနေကြောင်း စုံစမ်းသိရသည်။