အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို ဆိုးလ်မြို့အခြေစိုက် အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက လူထုအကျိုးဆောင်ဆု ရွေးချယ် ချီးမြှင့်လိုက်ပါတယ်။
အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းဟာ ပျော်ရွှင်စရာလူမှုအသိုက်အဝန်း တည်ဆောက်ရေး လူထုနဲ့အတူ တသားတည်း တက်ကြွစွာ ဆောင်ရွက်နေကြတဲ့ လူထုအကျိုးဆောင် အဖွဲ့အစည်းတွေကို နှစ်စဉ် ရွေးချယ်ပြီး ဆုချီးမြှင့်တာဖြစ်တယ်။
ဒီနှစ်မှာတော့ အရင်နှစ်တွေတုန်းကလို ကိုရီးယားလူမှုအဖွဲ့အစည်းတွေကိုပဲ ရွေးချယ်တာမဟုတ်ဘဲ ထူးထူးခြားခြား မြန်မာ့ဒီမိုကရေစီရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေတဲ့ ကိုရီးယား ရှိ NUG အစိုးရ ကိုယ်စားလှယ်ရုံးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
NUG ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “အခုလို ဆုရွေးချယ် ချီးမြှင့်ခံရတာ ဝမ်းလည်း ဝမ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အသိမှတ်ပြုလက်ခံကြောင်း ပြသတဲ့သဘောဖြစ်လို့ ခွန်အားတွေလည်း ရရှိစေတယ်”လို့ ပြောပါတယ်။
လူထုအကျိုးဆောင်ဆုရဲ့ ဆုကြေးငွေမှာ ကျပ်ငွေသိန်း ၆၀ ကျော်နဲ့ ညီမျှတဲ့ ကိုရီးယားငွေဝမ် သိန်း ၃၀ ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၉ ရက်မှာ ဆိုးလ်မြို့ရှိ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အစဥ်တစိုက် အားပေးကူညီနေတဲ့ နိုင်ငံဖြစ်ပါတယ်။